Monday, April 12, 2010

ဆုံတွေ့ခြင်း နေ့စွဲ

မနေ့က လင်းခေတ်သူငယ်ချင်းတစ်ယောက် ဂျစ်ဂျစ်ရသွားလို့ .. အငှားခံစားချက်နဲ့ ရေးပေးထားတာပါဗျို့ ..း)


ဒီနေ့ ဆုံတွေ့ကြပြီနော်
မျှော်လင့်တမ်းတခဲ့ဖူးတဲ့
ပန်းအိပ်မက်တွေ ပွင့်ဖူးလာချိန်
ငါ့ရဲ့စိတ်တွေ ပြတ်သားရဲရင့်လာချိန်
ဒီလိုအချိန်ဟာ ..
အလွမ်းနေ့ရက်တွေ အဆုံးသပ်ချိန်တဲ့ ..။
ငါ့ရဲ့ဘေးမှာ နင်ရှိနေတုန်းမှာပဲ
အပြုံးတ၀က်နဲ့ နင့်ကိုထပ်လွမ်းမိသေးတယ်
အို .. ဘယ်လိုကောင်ဆိုးလေးပါလိမ့်ကွယ်
ကျောက်ရုပ်တွေကိုမုန်းသတဲ့လား
ပေါ့ပေါ့ပါးပါးနဲ့လေးနက်တတ်တဲ့ကောင်လေး
တို့တတွေ
ဘယ်တော့မှ ထပ်မဝေးကြကြေးနော်။
နင့်ရဲ့ နွေးထွေးချိုမြလှတဲ့အဖော်ပြုမှုတစ်ခုတည်းနဲ့
ငါ့ရဲ့အတောင်ပံအစုံကို
ဖြန့်ကျက်လိုက်ချင်တယ် …
တူတူဝဲပြန်ကြမယ်လေ …။
ကဲ ...... ......... .........
နင့်လက်လေး ငါ့ကိုပေးပါ
စကားပြန်တွေ ဒုက္ခရောက်စေတဲ့
နင့်ရဲ့ ပဟေဓိအပြုံးနဲ့
နင့်ရဲ့ မ၀ံ့မရဲရင်ခုန်သံတွေ ဖွင့်ချလိုက်ကြပါစို့။
ကမ္ဘာမြေပဲပေါက်ပေါက်
ကောင်းကင်ကိုပဲ ဖောက်ဖောက်
နင်နဲ့ငါတူတူရှိနေဖို့
ဘာကတိသစာမှမလိုအပ်ပါဘူးကွဲ့။
ကျိန်စာနဲ့ ဒဏ်ရာတွေကို ကုသဖို့
နက်နဲတဲ့ ချစ်ခြင်းတစ်ခုသာလိုတယ်။

အထီးကျန်နတ်သမီး....သို့ သ၀ဏ်လွှာ

ဒီနေ့တော့ ထူးထူးခြားခြား ကဗျာလက်ဆောင်ရတယ် .. မွေးနေ့လက်ဆောင်ပေးတာတဲ့ .. မရောက်သေးခင်ပေးတာပေါ့ .. ကျေးဇူးတင်ပါတယ်ပေါ့နော် ..း)ကပ်ကြွားတယ်မထင်နဲ့ .. (ပေါ်တင်ကြွားတာ .. ဟိ)


အထီးကျန်နတ်သမီး....သို့ သ၀ဏ်လွှာ

ကောင်းကင်ဆီက
ပျံ့ လွင့် လာတဲ့  ကြယ်တစ်ပွင့် 
ကြွေလွင့် လာလိုက်ပုံများ
အလင်းတွေတဖွားဖွားနဲ့ 
နှလုံးသား အနားသက်တွေပျက်ဆီး
မင်းဟာ.......
ငါ့ ရဲ့ နတ်သမီးပေါ့ကွယ်.......။......။

ဒီကမ္ဘာရဲ့  ခရီးမှာ
မင်းရောက်လာကတည်းက
ပန်းပွင့် တွေ မျက်လွှာချနေကြပေါ့ 
မင်းရဲ့ တစ်ကိုယ်ရေညတွေ
အထီးကျန်နေတယ်ဆိုရင်တောင်
အမှောင်မှာ ငါရှိမယ်.......။......။

မင်းရဲ့ အလှမှာ
ငါ့ ဘ၀ ငြိတွယ်သွားဖို့ 
မစဉ်းစားခဲ့ ရိုးအမှန်ပါ။
သံသရာဆိုတာကလည်း ခက်တယ်
ပေပေါ်တင်ပြီး ပုံသွင်းမရတဲ့ အဆုံး
မင်းကို ငါ့ နှလုံးသား
လက်ဆောင်ပေးမယ်...
အသုံးလိုတယ်ဆိုရင်ပေါ့ ကွယ်......။.....။

နတ်သမီးရဲ့ အလှတရားက
ထိုက်တန်သူရှားလို့  အထီးကျန်သလား
စဉ်းစားမရဘူးကွယ်......။.....။

ဘာပဲဖြစ်ဖြစ်ပေါ့ ကွယ်.....
မင်းကြီးပြင်းခဲ့ တဲ့ 
( ၂၁ )နှစ်တာခရီး
အထီးကျန်နတ်သမီးအတွက်
ငါ.........
အိပ်မက်လိုတောင်းဆုခြွေပေးမယ်.......
မင်းရဲ့ 
နှစ်ပတ်လည်မွေးနေ့ မှာ
ငွေမှုန်အလင်းတွေဖြာ
ကံရာဇာက မီးတောက်
မင်းတစ်ယောက်......
ငြိမ်းချမ်းပြည့် စုံစေသား
ဂုဏ်ပြုစကားနဲ့  ဆုတောင်းပေးမယ်။
အထီးကျန် နတ်သမီးတစ်ယောက်
ဘ၀တလျှောက်
သာယာနိုင်ပါစေ...
ငါ လက်ခုပ်တီးပေးနေတယ်။.......။

Happy Birthday ကွယ်...။.......။


(၂၀.၄ ၂၀၁၀) တွင်ကျရောက်မဲ့ မွေးနေ့ မှသည်နောက်နှစ်ပေါင်း(၁၀၀)တိုင် ပျော်ရွှင်ချမ်းမြေ့ သောဘ၀ သမီးကောင်းသမီးမြတ် စိတ်ချမ်းသာမှုပေါင်းခညောင်းလို့ လိုရာတောင်းဆုပြည့် စုံနိုင်ပါစေ

တစ်ခါတုန်းကညတွေ


တစ်ခါတုန်းကညတွေ

သံစဉ်လေးတွေ ကခုန်ကြတဲ့
ညတစ်ညကစလို့ပေါ့ ...
Online ကမ္ဘာက
အသံမဲ့စကား
နားထဲတိုးဝင်
ရင်ခွင်တလျှောက် ထိုးဖောက်ခဲ့ပေါ့ ..။
ကောင်လေးက ပုံပြောတာ ၀ါသ၁နာပါတယ် ..
ကောင်မလေးက နတ်သမီးလုပ်ရတာဝါသနာပါတယ် ..
ဒီလိုနဲ့ ...
ကောင်လေးက ဇာတ်ညွှန်းရေးဆရာ ..
ကောင်မလေးက ကဗျာနဲ့ဇာတ်ကိုက ..
လှပတဲ့ညတွေ ဖန်တီးခဲ့ကြတယ် ..။
နတ်ဆိုးလေးတွေ ရယ်တဲ့ညတစ်ညမှာတော့ ...
ဇာတ်ညွှန်းဆရာလေး အားငယ် ..
နတ်မိမယ်လေးလည်း မပြုံးမရယ် ..
ညကြယ်တွေလည်း လက်မှိုင်ချ ..
အဲ့ဒီ့အေးစက်တုန်ရီတဲ့ ဆောင်းညမှာ
ဇာတ်ညွှန်းကလေး မဆုံးတစ်ဆုံးနဲ့ပဲ
ဇာတ်လမ်းကလေးသေသွားခဲ့ရတယ် ..။
ကောင်လေးရဲ့ အနာဂါတ်ပြက္ခဒိန်တွေထဲမှာ ..
နတ်သမီးရဲ့ နေ့စွဲတွေမပါခဲ့လို့ ..
တူတူစိုက်ပျိုးခဲ့တဲ့
ပင်ပျိုညအလှလေးတွေမှာ
အလွမ်းပန်းလေးတွေ
ပြိုင်တူငိုကြတယ်တဲ့ ..။
နတ်သမီးလေးကတော့ ပြုံးတယ်
ကျန်ပုံပြင်ကို သူဆက်ပြောမယ်တဲ့
သူ့နှုတ်ခမ်းလေးတွေက တုန်ရီလို့
နှင်းဆီပွင့်ဖြူလေးတွေနဲ့အတူ
ခရမ်းရောင်စကားလုံးလေးတွေ ခုန်ထွက်လာတယ် ..
`ငါ့ရဲ့ သရဲစုတ်လေးရေ ...
ကံတွေကတော့ မကုန်သေးဘူး ..
ဒါပေမယ့်လည်း ပြန်မဆုံတော့ဘူးနော် ..´တဲ့။

Sunday, April 11, 2010

About this blog ;D

တေးကဗျာနဲ့ လင်းခေတ်ကမ္ဘာကို မိတ်ဆက်ပေးပါရစေဗျို့ ..။ အဲ့ဒါက လင်းခေတ်ရဲ့ တနေ့တာ သွားလာလှုပ်ရှား ကြုံရသမျှ တွေ့သမျှကို မှတ်သားထားတဲ့ Memory space လေးပါရှင့်။ ဒိုင်ရာရီသဘောပါပဲ။ သူများအတွက် အရေးမကြီးမထူးခြားပေးမယ့် ကိုယ့်ရဲ့ တနေ့တာကို မှတ်သားထားနေရာလေးပေါ့။ ပြီးတော့ စပ်မိတဲ့ကဗျာ .. တွေးမိတဲ့စိတ်ကူး .. ညီးမိတဲ့ ကြိုက်နှစ်သက်တဲ့ သီချင်းလေးတွေ စုထားတဲ့နေရာလေးပါဗျို့ ..။

What is tayekapyar and lynn khit ka par? It’s my lovely DIARY that I organize my daily memory. Even it won’t important for others but if is enough for me to remember it, I’ll put it in this land. I’ll put the poems I write, the songs I like and the thought I get.